ACCOUNTID -
ကိုယ်ပိုင်အကောင့် သင်ခန်းစာများ E-Library Homeworks လှို့ဝှက်ကုတ် ပြောင်းရန် အကောင့်ထွက်ရန်
ဂျပန်နိုင်ငံမှ Valentine’s Day
  • စုစည်းမှု့ - Tradition/Culture/Life
  • ပို့တင်သူ - jptechadmin
  • စတင်သည့်နေ့ - 04-02-2020
  • View - 1377

  • အကြောင်းအရာ အကျဥ်း

    ချစ်သူများနေ့ ဟူသော အဓိပ္ပာယ်ကဲ့သို့ မိမိချစ်မြတ်နိုးသူအား ချောကလက်လက်ဆောင်ပေးရင်း ကမ်းလှမ်းခြင်း နှင့် စိတ်ဝင်စားမှုကို လှစ်ဟဖော်ပြ......

ဂျပန်နိုင်ငံမှ Valentine’s Day

ဂျပန်နိုင်ငံတွင် Valentine’s Day ခေတ်စားလာသည်မှာ လွန်ခဲ့သည့်နှစ်ပေါင်း (၄၀) ခန့်လောက်ကဟု ဆိုကြပါသည်။ အစပိုင်းတွင် ချစ်သူများနေ့ ဟူသော အဓိပ္ပာယ်ကဲ့သို့ မိမိချစ်မြတ်နိုးသူအား ချောကလက်လက်ဆောင်ပေးရင်း ကမ်းလှမ်းခြင်း နှင့် စိတ်ဝင်စားမှုကို လှစ်ဟဖော်ပြခြင်းတို့ကို ပြုလုပ်ကြသော်လည်း ယနေ့ခေတ်အခါတွင် သူငယ်ချင်းအချင်းချင်းသော်လည်းကောင်း ကုမ္ပဏီဝန်ထမ်းအချင်းချင်း သော်လည်းကောင်း လက်ဆောင်ပေးခြင်း တို့ကို ပြုလုပ်လာကြပြီး ရှေးယခင်နှင့်မတူညီသော လက်ဆောင်ပေးပုံပေးနည်းနှင့် ခံစားမှုအဓိပ္ပာယ်ဖွင့်ဆိုမှု အမျိုးမျိုးလည်း ရှိလာကြပါသည်။

ဂျပန် Valentine’s Day အမှတ်တရ အဖြစ် ခေတ်စားသော ချောကလက်ယဉ်ကျေးမှုနှင့် လက်ဆောင်ပေးနည်းအမျိုးမျိုး ကို ရေးသားဖော်ပြပေးရမည် ဆိုပါလျှင် ပထမဦးစွာ ဂျပန်နိုင်ငံ၏ချောကလက်စီးပွားရေး ဈေးကွက်အကြောင်းမှစတင်၍ပြောလိုပါသည်။ Valentine’s Day အတွက် ရည်ရွယ်၍ Meiji ကဲ့သို့သော ဂျပန်နိုင်ငံပြည်တွင်းကုမ္ပဏီများတွင် ချောကလက်အား အသွင်အမျိုးမျိုးဖြင့် ထုတ်လုပ်ရောင်းချကြရုံသာမက ပြင်သစ်အစရှိသော နိုင်ငံခြားကုမ္ပဏီများမှ တင်သွင်းလာသော ချောကလက်များမှာလည်း ပုံသဏ္ဍာန်အမျိုးမျိုး ၊ ဒီဇိုင်အမျိုးမျိုး၊ ပါကင်အမျိုးမျိုးတို့ဖြင့် စိတ်ဝင်စားဖွယ် လှပစွာစွဲဆောင်နေကြပါသည်။

Valentine’s Day အတွက် ရည်ရွယ်ပြီးရောင်းချကြသည်ဖြစ်သောကြောင့် ဇန်နဝါရီလ လကုန်ပိုင်းလောက်မှ စတင်၍ ချောကလက်များကိုဝယ်ယူနိုင်ကြသည်ဖြစ်ပြီး ရက်နီးကပ်လာသည်နှင့်အမျှအချို့ဆိုင်များတွင် တိုးမပေါက်အောင်ကြိတ်ကြိတ်တိုးစည်ကားစွာ ဝယ်ယူအားပေးနေကြသည့် မြင်ကွင်းမျိုးကိုလည်းတွေ့ကြရပါသည်။

ဝယ်ယူကြရာတွင် ရည်ရွယ်ချက်လေးမျိုးရှိပါသည်။

(၁) Tomochoko (友チョコ)
အရသာရှိသော၊ ထူးခြားသော၊ သည်အချိန်အခါမှလွဲ၍ ဝယ်ယူ၍မရနိုင်သော ချောကလက်ကလေးများကို မိမိခင်မင်ရသော သူငယ်ချင်းများအတွက် ဖြူစင်သောစိတ်ထားဖြင့် ဝယ်ယူ၍ လက်ဆောင်ပေးခြင်းဖြစ်ပါသည်။

(၂) Jibunchoko(自分チョコ)
ထူးခြားဆန်းပြားသော အရောင်စုံအသွေးစုံဒီဇိုင်းလေးများဖြင့် လှပစွာဖန်တီးပြုလုပ်ထားသော ချောကလက်လေးများ၊ နာမည်ကြီးသော၊ အရသာရှိသော ချောကလက်အမျိုးအစားများကို မိမိစိတ်ကြိုက်ရွေးချယ်၍ မိမိအတွက် ဝယ်ယူခြင်းဖြစ်ပါသည်။

(၃) Honmeichoko(本命チョコ)
အမှန်တကယ် ချစ်မြတ်နိုးသော၊ မိမိနှစ်သက်နေသော ပိုးပန်းနေသော သူအားရည်ရွယ်၍ မိမိ၏ချစ်ခြင်းအား ဖွင့်ဟသိစေလိုသည့်အဓိပ္ပာယ်မျိုးဖြင့်လက်ဆောင်ပေးခြင်းဖြစ်ပါသည်။

(၄) Girichoko(義理チョコ)
ကုမ္ပဏီအတွင်း အထက်အောက်ဝန်ထမ်းအချင်းချင်းသော်လည်းကောင်း၊ ပတ်သက်ဆက်နွယ်နေသော အခြားကုမ္ပဏီများသို့လည်းကောင်း ကျေးဇူးတင်သည့်ခံစားမှု၊ ရင်းနှီးမှုရရှိစေရန်နှင့် အချင်းချင်းဆက်သွယ်ရာတွင် အဆင်ပြေလွယ်ကူစွာဖြင့် ခင်မင်မှုများရရှိနိုင်ကြစေရန် ရည်ရွယ်၍ပေးကြသော လက်ဆောင်ပေးနည်းမျိုးဖြစ်ပါသည်။ သို့သော် လက်ခံရယူပြီးပါက ပြန်လည်လက်ဆောင်ပေးရန်အတွက် တကူးတကဝယ်ယူပေးမှုများ ပေါ်ပေါက်ကြရသောကြောင့် အချို့ကုမ္ပဏီများတွင် Girichoko ကို အချင်းချင်းမပေးကြရန် တားမြစ်ထားကြသည်များလည်းရှိပါသည်။

အဘယ်ကြောင့်ဆိုသော် ဖေဖော်ဝါရီလ၁၄ ရက်နေ့တွင် ချောကလက်လက်ဆောင်ရရှိခဲ့သူသည် မိမိအား လက်ဆောင်ပေးခဲ့သူထံသို့ ပြန်လည်လက်ဆောင်ပေးလိုသည့်အခါ လက်ဆောင်ပေးနိုင်ကြရန်အတွက် ထပ်မံသတ်မှတ်ပေးထားသော နေ့ရက်အချိန်အခါတစ်ခု ဂျပန်နိုင်ငံတွင် ရှိပါသည်။ ထိုနေ့ကို White Day ဟု ခေါ်ဆိုကြပါသည်။ White Day နှင့်ပတ်သက်၍ ဆက်လက်ရေးသားဖော်ပြပါမည်။

crd.japan internet