ACCOUNTID -
ကိုယ်ပိုင်အကောင့် သင်ခန်းစာများ E-Library Homeworks လှို့ဝှက်ကုတ် ပြောင်းရန် အကောင့်ထွက်ရန်
ကမာကူရ ဗုဒ္ဓရုပ်ပွားတော်
  • စုစည်းမှု့ - Lifestyle
  • ပို့တင်သူ - jptechadmin
  • စတင်သည့်နေ့ - 25-10-2019
  • View - 3776

  • အကြောင်းအရာ အကျဥ်း

    မြန်မာလူမျိုးများ ဂျပန်နိုင်ငံသို့ရောက်လျှင် မဖြစ်မနေသွားရောက်ဖူးမျှော်ကြသော နေရာတစ်ခုရှိပါသည်။တစ်ခေါက်ရောက်ဖူးလျှင် နောက်တစ်ကြိမ်လာရောက်ဖူးမြော်နိုင်ရန်ဆုတောင်းပါက ဆုတောင်းပြည့်သည်ဟုပြောလေ့ရှိကြသောနေရာလည်းဖြစ်ပါသည်

ကမာကူရ ဗုဒ္ဓရုပ်ပွားတော်

မြန်မာလူမျိုးများ ဂျပန်နိုင်ငံသို့ရောက်လျှင် မဖြစ်မနေသွားရောက်ဖူးမျှော်ကြသော နေရာတစ်ခုရှိပါသည်။ ထိုနေရာသည် တစ်ခေါက်ရောက်ဖူးလျှင် နောက်တစ်ကြိမ်လာရောက်ဖူးမြော်နိုင်ရန်ဆုတောင်းပါက ဆုတောင်းပြည့်သည်ဟုပြောလေ့ရှိကြသောနေရာလည်းဖြစ်ပါသည်။ ထို့အပြင် ဂျပန်ဟုဆိုလိုက်လျှင် ဖူဂျီတောင်၊ ဆာကူရာပန်းများနှင့်အတူ မြန်မာလူမျိုးတော်တော်များများသိကြသော နေရာတစ်ခုလည်းဖြစ်ပါသည်။

အဆိုပါနေရာမှာ 鎌倉大仏 (Kamakura Daibutsu) ဟု ဂျပန်လိုခေါ်ဆိုကြသော " ကမာကူရဗုဒ္ဓရုပ်ပွားတော်ကြီး" ပင်ဖြစ်ပါသည်။ကမာကူရ ဗုဒ္ဓရုပ်ပွားတော်သည် ဂျပန်နိုင်ငံ ၊ ကမာကူရမြို့တွင် တည်ရှိပါသည်။ တိုကျိုမြို့မှ ရထားဖြင့်လာရောက်နိုင်ပြီး ဘတ်စကား ၁၀ မိနစ်ခန့်စီး၍ ကားဂိတ်ရောက်လျှင် ကားပေါ်မှဆင်းကာ လမ်းတဘက်ကူးလိုက်သည်နှင့် ကမာကူရဗုဒ္ဓရုပ်ပွားတော်ကြီး တည်ရှိရာဝင်ပေါက်ဆီသို့ ရောက်ရှိပြီဖြစ်ပါသည်။ ဘူတာမှဘတ်စ်ကားမစီးဘဲလမ်းလျှောက်ပါက နာရီဝက်ခန့်ကြာမြင့်ပါလိမ့်မည်။

ကမာကူရသည် ကျေးလက် မြို့လေးတစ်မြို့ဖြစ်သော်လည်း အထင်ကရဘုရားကျောင်းကန်များနှင့် လည်ပတ်စရာအတော်များများရှိသော နေရာလည်းဖြစ်ပါသည်။

ကမာကူရ ဘုရားကြီးကို ခရစ်သက္ကရာဇ် ၁၂၄၃ ခုနှစ် တွင် သစ်သားဖြင့် စတင် ထုဆစ်တော်မူခဲ့ပြီး ၁၂၄၈ ခုနှစ် တွင်လေမုန်တိုင်းဒဏ်ကြောင့် တန်ဆောင်းတော် နှင့် ရုပ်ပွားတော် ပြိုကျ ပျက်စီးသွားသောကြောင့် ၁၂၅၂ ခုနှစ် တွင် ယခုလက်ရှိ ကြေးသွန်း ရုပ်ပွားတော်ကို မူလနည်းတူအသစ်တစ်ဖန် ပြန်လည် တည်ထား ကိုးကွယ်ခဲ့ပါသည် ။

ကမာကူရ ဘုရား အတွင်းသို့ ဝင်ရောက်ရန် တစ်ဦးလျင် ယန်း ၃၀၀ ပေးရပြီး ပြည်တွင်း ပြည်ပ ဘုရားဖူးများ အားလုံးမည်သူမဆို ဘုရားဖူးရန် လက်မှတ်ဝယ်ကြရပါသည်။ လက်မှတ်ဝယ်ပြီး ဂိတ်ပေါက်မှ ဝင်လိုက်သည်နှင့် အဝင်ဝနားတွင် ကြည်လင်သောကျောက်ရေကန်ငယ်လေးထက်တွင် လက်ဆေးရန် လက်ကိုင်ရှည်တပ်ထားသော ရေခွက်လေးများဖြင့် လက်ဆေးကြရပါသည်။ ဘုရားဝတ်မပြုမီလက်အစုံအားသန့်ရှင်းနေစေရန် စင်ကြယ်စွာဆေးကြောသည့်သဘောပင်ဖြစ်ပါသည်။

ပြီးလျှင် အနည်းငယ်လျှောက်လိုက်သည်နှင့် ကောင်းကင်ပြာပြာအောက်တွင် ဝိပဿနာ ကမ္မဋ္ဌာန်း ဈာန်ဝင်စားနေသည့် ပုံစံ ဖြင့် ကမာကူရ ရုပ်ပွားတော်ကြီးအား ဖူးတွေ့ကြရမည်ဖြစ်ပါသည်။

ကမာကူရ ဘုရားကြီးသည် အမြင့် ၁၃ . ၃၅ မီတာ ( ၄၃ . ၈ ပေ ) ရှိပြီး ဘုရားကြီးအား ရာသီဥတုဒဏ် ကာကွယ်နိုင်ရန်တန်ဆောင်းများ ဆောက်လုပ်လှူဒါန်းခဲ့ကြသော်လည်း မုန်တိုင်းဒဏ်၊ ငလျင်နှင့်ဆူနာမီဒဏ်တို့ကြောင့် အမိုးနှင့်တန်ဆောင်းတော်တို့မှာ ပျက်စီးခြင်းသို့ရောက်ရှိသော်လည်း ဘုရားကြီးမှာ ထိခိုက်ပျက်စီးခြင်းမရှိဘဲ ကျန်နေရစ်ခဲ့သောကြောင့် ယခုကဲ့သို့ ဖူးမြင်ကြရသည့် အသွင်သဏ္ဍာန်အတိုင်းသာဆက်လက်ထားရှိခဲ့ကြပါတော့သည်။

ဘုရားကြီး၏ လေးဘက်လေးတန်တွင် ပျက်စီးသွားသော အမိုးတိုင်များမှကျန်ရစ်သော ကျောက်အုတ်ခုံကြီးများကို ယနေ့တိုင်တွေ့မြင်နိုင်ကြပါသည်။